Archive

Archive for the ‘My Yonth Life’ Category

ကျွန်တော်ငယ်ငယ်က ၂

May 16, 2009 saooaime Leave a comment
ဒီပို့စ်တွေကို http://www.chintwin.com/readarticle.php?article_id=180&sb_action=refresh မှ ကူးယူပါတယ်။ ကျွန်တော်ရေးခဲ့တဲ့ အကြောင်းအရာတွေကို စုစည်းသိမ်းဆည်းထား ချင်လို့ဖြစ်ပါတယ်။ကျွန်တော်ငယ်ငယ်က ကျောင်းမရှိရင် နေမြင့်မှ ထတက်တယ်ဗျ။ နေ့လည်ဆိုဘယ်တော့မှ မအိပ်ဘူး။ မူကြိုတုံးကဆို ဆရာမကအတင်းအိပ်ခိုင်းရတာ။ အဲဒါနဲ့ ဟန်ဆောင်ပန်ဆောင် အိပ်တယ်ပေါ့။ ဆရာမလည်း ထွက်သွားရော ထကမြင်းကြရော။ မူကြိုတုန်းက အကြောင်းတစ်ချို့မှတ်မိနေသေးတယ်။ ကျွန်တော်တက်ခဲ့တဲ့ မူကြိုက ဗိုလ်ချုပ်ကျေးရုပ်အ၀ိုင်းကြီးနားက အစိုးရမူကြိုပါ။ အခုတောင်ရှိသေးလားမသိဘူး။ အဲဒီမှာကျွေးတဲ့ သာကူကြိုကို အခုသွားစားချင်သေးတယ်။ ကျောင်းမှာ ပြိုင်ပွဲတွေလုပ်တော့ ဖားခုန်ရယ်၊ အစားရယ်၊ အင်္ကျီပြေးဝတ်ပြီး ပန်းတိုင်အရာက်ပြေးပွဲ တွေမှာ ၀င်ပါခဲ့ပါတယ်။ ဘယ်ပွဲမှာ ဘာဆုနဲ့လည်းတော့မမှတ်မိပါဘူး။ မူကြိုတံဆိပ်ပါတဲ့ စွပ်ကြယ်တစ်ထည်တော့ရတာသိတယ်ဗျ။ အခုထိတောင်ရှိသေးတယ်။ အဲဒီစွပ်ကြယ်တော်တော်နဲ့ မ၀တ်ဖြစ်ပါဘူး။ အရမ်းကြီးနေလို့လေ။ လူကြီးဝတ်ကြီးဆိုတော့ အဲဒီတုန်းက၀တ်လိုက်ရင် ပြာကလောင် ပြာလချောင် ဖြစ်သွားမယ်။ နောက်ပြီးကျောင်းကပွဲမှာ ကောင်းစွပ်အချွန်ကြီးနဲ့ အဖြူနဲ့ အပြာအစင်းကြား ချုပ်ထားတဲ့အ၀တ်ကို ၀တ်ပြီး စင်ပေါ်တက်ကခဲ့သေးတယ်။ စတက်ဖို့ခေါ်တုန်းက ကြောက်ပြီး ငိုနေသေးတယ်။ အန်မယ် အပေါ်လည်းရောက်ရော ကွေးနေတာ။ ဗီဇကိုကပါတာ။ အဖေတူသားလေ။ တစ်နေ့ မနက် ၇ နာရီကျော်ကျော်လောက်ပဲရှိအုံးမယ်ထင်တယ်။ အဖေက ကျွန်တော့ကို ဖနောက်နဲ့ပေါက်ပြီး မင်း အိပ်ရေးပုတ်လှကြီးလား ဒီလောက်နေမြင့်ပြီး မိုးခြိမ်းနေတာတောင်မနိုးဘူး၊ မင်းက ဆင်တက်နင်းတောင် နိုးမဲ့ကောင် မဟုတ်ဘူး ဆိုပြီး ကုန်းအော်ပါလေရော်။ ကျွန်တော်လည်းဘာလည်းပေါ့ အိပ်ချင်မှုးတူးနဲ့ထရတာ။ တစ်ခါမှ ဒီလိုမလုပ်ဘူးဘူးလေ။ နောက်မှ သိတယ်။ ဟိုဘက် အိမ်က အန်တီချစ်(မချစ် အများအခါ်) က အစောကြီး အိမ်ပေါ်မှာ ငရုပ်ဆုံထောင်းပြီး သူ့သားကို ဆူလိုက်ဆဲလိုက်လုပ်နေတော့ အဖေကတင်းပြီး အော်တာ။ ဟုတ်လည်းဟုတ်တယ် အိမ်က နှစ်အိမ်တာပြောတာ တစ်အိမ်ထည်းလိုပဲ။ ကြမ်းပြင်က တစ်ပြေးတည်း။ ဟိုဘက်ခန်းဒီဘက်ခန်းလိုမျိုး။ နံရံပဲခြားတာ။ ကျွန်တော်ကတော့ ထုံးစံအတိုင်း မနိုးဘူး။ ငယ်ငယ်ကအခုထိပါပဲ မျက်စိကြောင်နေလို့တို့၊ အတွေးတွေများသွားလို့တို့၊ ရည်းစားပူမိလို့တို့ ဆိုပြီး တစ်ခါမှ အိပ်ရေးမပျက်ဘူး။ ဘယ်သူတွေဘာဖြစ်ဖြစ် ကျွန်တော်က အေးဆေးပဲအိပ်တာပဲ။ ပြီးခဲ့တဲ့နှစ်က နာဂစ်တုန်းကတောင် ၃ နာရီလောက်နိုးလာပြီး စိတ်ကူးပေါက်တာနဲ့ ကောင်မလေးဆီဖုန်းဆက်လိုက်တာ အားတွေဘာရှိသွားသလိုပဲ။ နာဂစ်တောင် မကြောက်တော့ဘူး အိပ်ပြစ်လိုက် မနက်မိုးလင်း ၉နာရီကိုထိုးရော။ အဲတာတောင် ထကြည့်ပြီး ဘာလုပ်ရမှန်းမသိတာနဲ့ ပြန်အိပ်တာ နေ့လည် ၁၂ နာရီကျော်မှ ဆူသံတွေကြားလို့ ထလာတာ။ အဲလိုဆိုတော့ ဒီလောက်နဲ့တော့အပြော့ပေါ့။ အန်တီချစ်တို့အကြောင်းအခု ပြန်စဉ်းစားရင် အခုပြုံးမိတယ်ဗျာ။ သူတို့က ရပ်ကွပ်ထဲမှာဆို သူတို့ဖြစ်လိုက်ရင် ဆူညံနေတာ။ ကျွန်တော် ၄ တန်းလောက်ထင်တယ်။ အဖေက ဆိုင်ကယ်ဝယ်မယ်ဆိုပြီး မန္တလေးကို သွားတာ။ ကျွန်တော်လည်းလိုက်သွားရတယ်။ မှတ်မှတ်ရရ ခဲရောင်လေးဗျ။ နောက်မှ ဇီးပြောင်းလိုက်တာ။ အဲဒီတော့ အန်တီချစ်က နည်းနည်းလှုပ်လှုပ်ရွရွဖြစ်လာတာပေါ့။ သူယောက်ျားဆို တစ်နေ့တစ်နေ့ ဆဲလိုက် ဆူလိုက်နဲ့ ဆူညံနေတာ။ တစ်ခါတော့ ဦးမျိုးတင့်က အလုပ်ကောင်းတစ်ခုရပြီး ဒေါ်လာစား ဖြစ်လာပါရော။ အံမယ် အဲဒီတော့ကြလည်း တစ်မျိုးဗျာ။ ကိုမျိုးတင့် ဆိုပြီး ဆီးကြိုရတာနဲ့ ရေခတ်ပေးရတာနဲ့။ ဟာ ဟ။ နောက်တော့ သူတို့ဆိုင်ကယ် တစ်စင်းဝယ်လာပါရော။ နေလည်ကြီးဗျာ။ သူများတေ
အိပ်နေတဲ့အချိန်။ ကျွန်တော်က ၀ိမ်းကစားနေတယ်ထင်တယ်။ လမ်းမပေါ်မှာ ဆူညံနေတာပဲ။ ဘောလုံပွဲလိုလို၊ နပန်းပွဲလိုလို၊ အဲဒါနဲ့ထွက်ကြည့်တော့ လားလား ကိုမျိုးတင့်(အဲလေ ဦးမျိုးတင့်) က ဆိုင်ကယ် စီးကျင့်နေတာ။ အဲဒါကို သူက ရပ်ကြည့်ပြီး အောင်မလေး ဟိုကိုတော့ တိုက်တော့မှာဘဲ၊ လဲပြီ၊ စသည်ဖြင့်ပေါ့ဗျာ အော်နေတော့တာ။ တစ်လမ်းလုံးထွက်မကြည့်ဘဲ ဘယ်နေနိုင်တော့မလဲဗျာ။ ဆိုင်ကယ်စီးကျင့်တာ ရာဇ၀င်ပါ ၀င်သွားတယ် ကောင်းရော။
Categories: My Yonth Life

ကျွန်တော်ငယ်ငယ်က

March 16, 2009 saooaime Leave a comment

ကျွန်တော် ဒီဘလော့ဂ်မှာ အချစ်အကြောင်းတွေပဲ ပြောနေမိပြီဗျာ။ ဒါကြောင့် ငယ်ငယ်က အကြောင်းတွေပြန်သွားမည်။ ကျွန်တောရေးမည့်အကြောင်းသည် ကျွန်တော်ငယ်ငယ်တုန်းကအကြောင်းဖြစ်သဖြင့် တစ်ချို့ အချက်အလက်တို့ သည် အခုမှန်မည်မဟုတ်ကြောင်းကိုကြိုတင် တောင်းပန်အပ်ပါသည်။

အဖေက၀န်ထမ်းဆိုတော့ ၀န်ထမ်းအိမ်ယာမှာ နေခဲ့တာပေါ့။ ဇာတိကမုံရွာမြို့ပါ။ သံလာဝတီလို့လည်းခေါ်တယ်။ ကျွန်တော်တို့နေတဲ့ရပ်ကွက်က ရုံးကြီးရပ်ကွက်။ ကမ်းနားနားမှာလေ။ အဲဒီရပ်ကွက် ရုံးတွေများတယ်လေ။ ဒါကြောင့်လည်း ရုံးကြီးရပ်လို့ခေါ်တာနေမှာပါ။ မြို့ထဲကနေ ကမ်းနားကိုအလာ ရောက်ဖို့ ၁၀မိနစ်လောက်အလိုမှာ လမ်းဆုံတစ်ခုရှိတယ်။ အဲဒီလမ်းဆုံမှာ တည့်တည့်သွားရင် ကမ်းနားကိုရောက်ပြီလေ။ အဲဒီဘေးနားမှာ ညောင်ပင်ကြီးတစ်ပင်ရှိတယ်။ ဘယ်ဘက်မှာပေါ့။ အဲဒီဘက်ကို ချိုးလိုက်ရင် စားရေးတမ်းလမ်းပေါ်ရောက်ရော။ အဲဒီကစ ပြီး ကမ်းနားထိ ဘလောက်တစ်ခုလုံးက ဆောက်လုပ်ရေးမြေလေ။ စာရေးတန်းလမ်း ကတည့်တည့်သွား ရင် နောက်ထပ်လမ်းဆုံတစ်ခု ထပ်တွေ့ ရမှာပေါ့။ ညာဘက်မှာ အကြော်ဆိုင် ဘယ်ဘက်မှာက တိုက် အပြာကြီး(သိပ်မမှတ်မိဘူး)၊ ဟိုဘက်ညာဘက်ထိပ်က ရေနံဂျီးတွေဝနေတဲ့ ပြင်ထောင်အိမ်၊ ဘယ်ဘက်ထိပ်မှာဆေးခန်း ကျွန်တော့မေးကို ၃ ချက် ချုပ်ပေးတဲ့ ဆရာဝန်လေ။ မှတ်မိသေးတယ်။ အဲဒီလမ်းဆုံကနေ ဘယ်ဘက်ကို ချိုးသွားရင် ဘုန်းကြီးကျောင်းတွေရှိတယ်။ အဲဒီထဲမှာ ငယ်ငယ်တုန်းကတက်ခဲ့တဲ့ မှုလတန်းကျောင်း(ကတိုးမြောက်ရပ်ကျောင်း)ကို ရောက်တယ်။ တည့်တည့်သွားရင် ကန်သာယာဘက်ရောက်သွားပြီ။ အခုတော့ မြေဖို့ပြီး ရပ်ကွက်ဖြစ်နေပြီ။ ညာဘက်ကိုကွေ့ ရင် ကျွန်တော့အိမ် ရောက်တယ်လေ။ ဆက်သွားရင်တော့ တာရိုးကြီးနဲ့ဝင်ဆောင့်ပေါ့။ ကျွန်တော်နေတဲ့ ခြံဝန်က ဆောက်လုပ်ရေးဝန်းထဲမှာပါ။

အဲဒီလမ်းကို ဝေဋ္ဌုဝန်လမ်းလို့ခေါ်တယ်ဗျ။ အထဲကို ၃ မိနစ်လောက်လျှောက်လိုက်ရင် ဘယ်ဘက်မှာ ၃ ထပ်တိုက်နဲ့ပွဲရုံကြီးရှိတယ်။ အန်တီလှတိုက်လို့ခေါ်ကြတာပဲ။ အခုတော့ ဘယ်လိုရယ်မသိတော့ပါဘူး။ အန်တီလှတိုက်ရဲ့ မျက်နှာချင်းဆိုမှာ ကုက္ကိုလ်ပင် ကြီးရှိတယ်။ အဲဒီအောက်ခြံရဲ့ အတွင်းဘက်ထဲမှာ မြေကွက်လပ်တစ်ခုရှိတယ်။ ဒီကွက်လပ်က ကျွန်တော်တို့ရဲ့ ကစားကွင်းပေါ့။ ကွက်လပ်ရဲ့နောက်မှာမှ နှလုံးပူးခြေတံရှည်အိမ်ကလေး။ ညာဘက်က အဖေရယ်အမေရယ် ကျွန်တော်ရယ်နေတယ်။ ဘယ်ဘက်မှာတော့ ဒေါ်ချစ်တင်(၀၀ဖိုင့်ဖိုင့်၊ စွာစွာ၊ ဘယ်သန်နဲ့ အခုတောင် မျက်စိထဲမျက်လာပြီ)၊ အင်း . . ဦးမျိုးတင့်(ထိပ်ပြောင်ပြောင်၊ မိန်းမကိုကြောက်ရတယ်) ပြီးတော့ အမြဲတမ်း အဆူ အထောင်း အရိုက်ခံ ပြီး မှတ်လည်းမမှတ်ဘူး ပပ်ပပ်စပ်စပ်ဆိုးတဲ့ ကိုဖြိုး သူတို့တွေနေကြတယ်ပေါ့။

ကျွန်တော်ကတစ်ဦးတည်းသောသား။ ကျွန်တော် ၅တန်းရောက်မှ ညီမနှစ်ယောက်မွေးတာ။ အဖေက သူ့လို တစ်ယောက်ထဲဖြစ်မှာဆိုးလို့တဲ့။ ကြိုးစားတာ။ ရတော့လည်းအမွှာပူး။ ရန်ကုန်သွားမွေးတယ်။ အဲဒီမှာ အဒေါ်တွေအမတွေရှိတယ်လေ။ သူတို့မွေးတော့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆေးရုံမှာ အမွှာတွေမွေးတယ်ဆိုပဲ။ ၄ မွှာ ၅ မွှာလောက်ရှိမယ်ထင်လို့ပြောတာပဲ။ အဲလိုဆိုတော့ ငယ်ငယ်ကတစ်ယောက်ထဲနေရတာပေါ့။ အဲဒီတော့ သီငယ်ချင်းတွေဆိုအရမ်းခင်တတ်တယ်။ မေမေက ကျွန်တော် ၄တန်းလောက်ထိ သူပဲသင်ခဲ့တာ။ စာမရမခြင်း မပြီးမခြင်း ပေးမဆော့ဘူး။ သူငယ်ချင်းတွေကလည်းလာနေပြီ။ ဖင်ကတကြွကြွကိုဖြစ်ရော။ ဒါပေမယ့် မေမေက တုတ်ကြီးကိုင်ပြီးစောင့်နေတာဆိုတော့ မထရဲဘူး။ နောက်ဆုံး ပြီးပြီ မင်းသွားတော့ဆိုမှ ခုန်ပေါက်ပြီး ပြေးတော့တာ။ စာအုပ်တောင်မသိမ်းတော့ဘူး။

Categories: My Yonth Life Tags: